ပေါင် ဇန်နဝါရီ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ် အ.မ.က ထန်းပင်ချောင်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားရေးနှင့် ပြင်ပစာပေဖတ်သည့် အလေ့အကျင့်ရရှိရေး၊ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်သိရှိပြီး ရှောင်ကြဉ်နိုင်ရန်၊ လူကုန်ကူးမှုအန္တရာယ်မှ သတိပြုကာကွယ်ကြရန်၊ ကလေးအလုပ်သမားပပျောက်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် နယ်လှည့်စာကြည့်တိုက် လာရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့ပြင် ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ခင်မျိုးအေးက ဆီးမှန်၊ ဝမ်းမှန်၊ လေမှန်၊ သွေးမှန် စသည့် မှန်လေးမှန်အကြောင်းဆွေးနွေးခဲ့သည်။ အဆိုပါအသိပညာပေး လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့်ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်သတိပြုကာကွယ်ရေး ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)