မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၇

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီး ကော်မတီဝင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင် ရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က “အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု – National Clean and Green School Award ချီးမြှင့်ခြင်းအစီအစဉ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု Clean and Green School Award ဆုချီးမြှင့်ခြင်းအစီအစဉ်” များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အဆင့်အနေဖြင့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်း (၁) ကျောင်းနှင့် အခြေခံပညာမူလတန်းအဆင့်ကျောင်း (၁) ကျောင်းအား စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး နှစ်စဉ်ဇွန်လ (၅) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားမှာ ဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်‌ကြောင်း၊ အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် (၂) ခုတွင် ယှဉ်ပြိုင်ကျောင်းများအား ခရိုင်အဆင့်ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ (၄) ဖွဲ့မှ ခရိုင် (၁) ခုလျှင် ကျောင်း (၁) ကျောင်းနှုန်းဖြင့် ရွေးချယ်ခဲ့ပြီး ခရိုင် အဆိုပြု အထက်တန်းအဆင့် ကျောင်း (၄) ကျောင်းနှင့် မူလတန်းအဆင့်ကျောင်း (၄) ကျောင်းတို့အနက်မှ အကောင်းဆုံးကျောင်း (၂) ကျောင်းအား ပြည်နယ်အဆင့် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ထပ်မံစိစစ်ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။ အဆိုပါကျောင်း (၂) ကျောင်းအနေဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားစေမှာလည်း ဖြစ်ပါတယ်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုတဲ့ ဆိုရိုးစကားလိုပဲ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစ စာသင်ကျောင်းက" ဟု ဖြစ်စေရေး ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုအတွက် အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ရွေးချယ်ခံရသည့်ကျောင်းအနေဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်၍ ပြည်နယ်ဂုဏ်ဆောင်နိုင်စေရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာများပူးပေါင်း၍ ဘက်ပေါင်းစုံမှ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဖြည့်စွက် အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကျောင်းစိန်းလန်းစိုပြေရေး ကိစ္စရပ်များနှင့်ပက်သက်၍ အမှာစကားပြောကြားပြီး၊ ဦးစီးကော်မတီ အတွင်းရေးမှူးက သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများရွေးချယ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် Video Clip အားပြသခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ‌ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)