ဆီဆိုင် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာ ရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မဲရုံအသီးသီးတွင် တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်တို့က အမှာစကားပြောကြားကြပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့ မတိုင်မီရွေးကောက်ပွဲအကြိုကာလကတည်းက သက်ဆိုင်ရာ မဲရုံအသီးသီးမှာ လုံခြုံရေးတာဝန်အပြည့်အဝ ထမ်းဆောင် ကြရမှာဖြစ်သလို ဒီသင်တန်းက ပို့ချလိုက်တဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတတွေကိုအခြေခံပြီး လုံခြုံရေးအမြင်နှင့် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ မိမိတာဝန် ထမ်းဆောင်မည့် မဲရုံအဆောက်အဦနှင့် ပတ်ဝန်းကျင် အခြေအနေအရပ်ရပ်တွေ၊ ထူးခြားမှုရှိလျှင် ဆင့်ကဲဆင့်ကဲသတင်းပို့ရမယ့် နည်းလမ်းတွေကို ချပြလေ့ကျင့် ပေးပြီး ဖြစ်ပါကြောင်း၊ သင်တန်းကာလ ၂၈ ရက်တာကာလအတွင်း လေ့ကျင့်မှတ်သားထားခဲ့တဲ့ ဗဟုသုတတွေကို အခြေခံပြီး အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ဖို့ တစ်ဖက် တစ်လမ်းက အားစိုက်ဆောင်ရွက်ကြပါလို့ မှာချင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ဖို့ အထူး ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် စိတ်ဓာတ်ခွန်အား၊ ကာယခွန်အား၊ အသိဉာဏ်ခွန်အားတွေနဲ့ ပေါင်းစပ်တာဝန်ထမ်းဆောင်ပေးကြပါလို့ တိုက်တွန်းပြောကြားပြီး သင်တန်း ဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဆီဆိုင်မြို့နယ်တွင် ရက်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ ပေါင်း(၃၂၁)ရွာအတွက် မဲရုံ(၉၃)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၀၅၀၉၉)ဦးရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)