မော်လမြိုင် ဇန်နဝါရီ ၁၇
“ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့် အသိပေးရှင်းလင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြာ်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရာက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (Framework Convention on Tobacco Control-FCTC) ကို (၂၀၀၃)ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၀၆)ခုနှစ်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကိုပြဋ္ဌာန်း၍ ဥပဒေပါ ရည်ရွယ်ချက်တစ်ခုဖြစ်သော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည်သဘောပေါက်ပြီး သုံးစွဲမှုမှ ရှောင်ကြဉ်စေရန်အတွက် လိုအပ်သောအမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ကို (၂၀၂၁)ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ်(၄၅၃/၂၀၂၁)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးသတ်မှတ်ချက်များနဲ့အညီ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း(၂၁)နိုင်ငံတွင်ဆောင်ရွက်နေပြီး အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံဟာ တတိယမြောက် အမိန့်စာထုတ်ပြန် ကျင့်သုံးတဲ့ နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသော အမိန့်၊ ကြော်ငြာစာများကို လုပ်ငန်းရှင်များမှ လိုက်နာနိုင်ရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှု ပြဿနာများ လျှော့ချနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာသူများနှင့် မှတ်တမ်းဓာတ်ပုံစုပေါင်းရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာဝတ်မှုံမှ မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် မကူးစက်ရောဂါဌာနခွဲမှ လုပ်ငန်းလမ်းညွှန်များ၊ အမိန့်စာပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်များအား ရှင်းလင်းခြင်းကိုလည်းကောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်နှင့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်ထုတ်ပိုးမှုပုံစံများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)