လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ဒဂုံတက္ကသိုလ်၌ "လူငယ်စကားဝိုင်း"ကျင်းပ

ဒဂုံအရှေ့ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယ​နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းမွှေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ်မှ ကျောင်းသား/သူ ၆ ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်အနာဂတ်စသည့်ခေါင်းစဥ် ၆ မျိုးဖြင့် ပထမပိုင်းနှင့်ဒုတိယပိုင်းခွဲကာ အပြန်အလှန်ဆွေးနွေးကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက မေးမြန်းသောမေးခွန်းများကိုလည်း ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသား/ သူများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖူးမို(ပြန်/ဆက်)