မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုင်းပန် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါပွဲတော်တွင် ကျောင်းသား/သူလေးများက ပညာရေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်မင်းက အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေးက ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီထောက်ပံ့ပေးသော စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/သူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့ပေးသော စေတနာရှင်၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများမှ ပွဲတော်သို့ လာရောက်ကြည့်ရှုသူများအား ရှမ်းရိုးရာအကများ၊ ခေတ်ပေါ်သီချင်းများ၊ ဖက်ရှင်ရှိုးများနှင့် အကပဒေသာများဖြင့် ဖျော်ဖြေသီဆိုကပြခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)