မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၇

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကိုလေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပပေးသည့်ရည်ရွယ်ချက်အနေဖြင့် မွန်ပြည်နယ်တွင် ဘောလုံးအားကစား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းအောင်မြင်မှုရရှိစေရန်၊ နိုင်ငံလက်ရွေးစင် ဘောလုံးသမားများ မွန်ပြည်နယ်မှ မွေးထုတ်ပေးနိုင်ရန် စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်းဖြစ်‌ကြောင်း၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ ဘောလုံးအားကစားနည်းကို အားပေးချီးမြှောက်ကြပြီး ဘောလုံးအားကစားသမားတွေ မွေးထုတ်ပေးနေတာကို တွေ့မြင်ရမှာဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ဘောလုံးအားကစားကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ခံယူပြီး ဆောင်ရွက်နေတာဖြစ်ပြီး ပြည်နယ်/ တိုင်း/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာပါမကျန် ဖွံ့ဖြိုးတိုးတက်လာပါမှ ဘောလုံးအားကစားအဆင့်အတန်း မြင့်မားလာမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ရှာဖွေလေ့ကျင့်ပေးပြီး ခရိုင်နှင့်မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှတစ်ဆင့် ပြည်နယ်လက်ရွေးစင် အားကစားသမားများပေါ်ထွက်လာပြီး မွန်ပြည်နယ်ရဲ့ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်အတွက် လူရွေးချယ်ရေးစီမံချက်၊ လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များရေးဆွဲ၍ သက်ဆိုင်ရာအားကစားဆပ်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်‌ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများကလည်း ချမှတ်ထားတဲ့ စည်းမျဉ်း/ စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်သွားကြပါ၊ ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်ကြမယ့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြပါ၊ အားပေးကြည့်ရှုကြတဲ့ ပရိသတ်များကလည်း မျှမျှတတ အဆင့်အတန်းမြင့်မြင့် အားပေးကြည့်ရှုကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်ဘောလုံးအသင်းနှင့် ပေါင်မြို့နယ် ဘောလုံးအသင်းတို့ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ