တောင်ကြီးမြို့ ပြန်ကြားနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် လျှပ်စစ်နှင့် စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ  

တောင်ကြီး ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့ ပူပေါင်းဖွင့််လှစ်သည့် လျှပ်စစ်နှင့်စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီက တောင်ကြီးမြို့ ပြန်ကြားနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီကို အဖွဲ့ဝင်(၁၉)ဦးနှင့်ဖွဲ့စည်း၍ လုပ်ငန်းကော်မတီ(၈)ခုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်း(၂)ခုဖြစ်သည့် လျှပ်စစ်သင်တန်းနှင့် စက်ချုပ်သင်တန်းတို့ကို သင်တန်းတစ်ခုလျှင် သင်တန်းသား(၂၅)ဦးနှင့် စုစုပေါင်း (၅၀)ဦးတို့ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်အထိ (၁)လကြာ ညောင်ရွှေမြို့နယ် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းဆရာ (၂)ဦးဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် ရှမ်းပြည်နယ်အစိုးရ၏ ထောက်အပံ့နှင့် ကျောင်းပြင်ပကို အကြောင်းအမျိူးမျိုးဖြင့် ရောက်ရှိနေသော ကလေးများကို ဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင် ကလေးအလုပ်သမားပပျောက်စေရေးဆိုသည့် ရည်ရွယ်ချက်နှင့် သက်မွေးသင်တန်းများကို ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လျှပ်စစ်သင်တန်းသား/ သင်တန်းသူများနှင့် စက်ချုပ်သင်တန်းသူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအေးလှိုင်က လျှပ်စစ်သင်တန်းမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က စက်ချုပ်သင်တန်းမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)