တောင်ကြီး ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဘင်ခရာတပ်ဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများအား ကြိုဆိုအလေးပြုကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယနေ့ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ အဓိကအခြေခံမှာ စာကြည့်တိုက်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်တွင် ပြည်သူလူထုက စာဖတ်သည့် အလေ့အထ စွဲမြဲပြီး အသိပညာဗဟုသုတ ရှာမှီးရာနေရာအဖြစ် စတင်ခဲ့ပါကြောင်း၊ ပညာဘဏ်တိုက် စာကြည့်တိုက်ဟူ၍လည်း ပြောဆိုနိုင်ပါကြောင်း၊ စာကြည့်တိုက်များကို အသုံးပြုနိုင်ရန် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြုလုပ်ပေးရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမျိုးသားအောင်ပွဲနေ့၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တို့တွင် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို အဆင့်မြင့်ပညာ၊ အခြေခံပညာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ပွဲတော်တွင်လည်း ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် နောင်လာမည့် ပြည်ထောင်စုနေ့တွင်လည်း လူငယ်များ စာဖတ်သည့် အလေ့အကျင့်ရရှိရေးအတွက် ပြိုင်ပွဲများ စီစဥ်ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက ရှမ်းပြည်နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ကျောင်းသား၊ ကျောင်းသူများမှ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပွဲရွှင်ပွဲများ၊ အစားအသောက် စျေးဆိုင်တန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာရေးဆရာမသျှီ(အင်းကြင်း)နှင့် ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)တို့က စာပေဟောပြောပေးကြပြီး ပွဲတော်ကို ဇန်နဝါရီလ (၁၇)ရက်မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)