ညောင်ဦး ဇန်နဝါရီ ၁၇
လူငယ်လူရွယ်များ အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ညောင်ဦးမြို့နယ် ပုဂံမြို့ ထွန်းတောက်နေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွန်းတောက်နေကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ခရိုင်စားသုံးသူရေးရာတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စုပေါင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်းကူးမှုအကြောင်းစရာများအား အသိပညာပေး ဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန် လေ့လာလိုက်စားသင့်သည့် စာပေဗဟုသုတများကိုလည်း ဖတ်ရှုရန်လိုကြောင်းစသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူအကာကွယ်ပေးရေးနှင့် ထုတ်ကုန်ပစ္စည်းများတွင်ပါဝင်ရမည့် စည်းကမ်းသတ်မှတ်ချက်များအား အသိပညာပေးဟောပြောဆွေးနွေးသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုတများရရှိစေရန်အတွက် နံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်း စသည်တို့ကိုပြသခဲ့ပြီး စာအုပ်၊စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒီပါလင်း