သာစည် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက ဌာနဆိုင်ရာရုံးများမီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းများ လက်တွေ့ သရုပ်ပြသခြင်းများကို ဇန်နဝါရီဒုတိယပတ် မှစတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးစည်သူအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများမီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များအား အသိပညာပေးဟောပြောခြင်း၊ အကြံပြုချက်များနှင့် မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်တို့ကို မြင်သာထင်ရှားအောင်ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများပြည့်စုံစွာထားရှိရန်၊ မီးသတ်ဆေးဘူးအသုံးပြုနည်း လက်တွေ့ သရုပ်ပြခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
သာစည်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်/ကျေးရွာများကိုလည်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)