မော်လမြိုင် ဇန်နဝါရီ ၁၇
မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း နှင့်လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုရှိစေနိုင်သော အလုပ်၊ ပညာရေးကို အနှောင့်အယှက်ဖြစ်စေသော အလုပ်၊ ကျောင်းတက်ရမည့် အခွင့်အရေးကို ပိတ်ပင်စေသော အလုပ်၊ အချိန်မတိုင်မီ မဖြစ်မနေ ကျောင်းထွက်စေသည့်အလုပ်၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ရသော အလုပ်များကို လုပ်ကိုင်နေရသော ကလေးအမျိုးမျိုးရှိပါကြောင်း ငယ်ရွယ်နုပျိုစဉ်တွင် ကျောင်းတက်၍ အတတ်ပညာ၊ အသိပညာရှာဖွေမှု မပြုလုပ်နိုင်ဘဲ ကလေးသူငယ်အခွင့် အရေးဆုံးရှုံးမှုများကို တားဆီးကာကွယ်နိုင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်မည့် ဗလငါးတန်နှင့် ပြည့်စုံသော ကလေးသူငယ်များဖြစ်လာရန် တာဝန်ရှိသူ များနှင့် မိဘဆရာသမားများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း၊ မွန်ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ ပထမငါးနှစ် စီမံချက်မှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြီးဆုံးသွားပြီဖြစ်ပါကြောင်း၊ ဒုတိယငါးနှစ်စီမံချက် (၂၀၂၄ - ၂၀၂၈ ခုနှစ်)ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းစီမံချက်များကို အတွင်းရေးမှူးနှင့်ညှိနှိုင်းပြီး သင့်တော်မည့်ရက်တွင် တင်ပြကြစေလိုပါကြောင်း၊ အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီရှစ်ရပ်နှင့် ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီများက လာမည့်ငါးနှစ်စီမံချက်အတွက် သက်ဆိုင်ရာကော်မတီဝင် ဌာနအဖွဲ့အစည်းများက အသေးစိတ် လုပ်ငန်းစီမံချက်များကို ရေးဆွဲပြီးတင်ပြနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ဦးညွန့်နိုင်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ်စီမံချက် (၂၀၂၄ - ၂၀၂၈ ခုနှစ်) ရေးဆွဲရာတွင် အခြေခံရမည့် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ မီဒီယာမှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ထုတ်လွှင့်နိုင်ရေး၊ လုပ်ငန်းရှင်များအားအသိပညာပေးရေးနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်