ကျိုင်းတုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်း က အထူးရဲသင်တန်းသားများ တာဝန်ယူဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် ကျိုင်းတုံမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မဲရုံ(၁၂၀)အတွက် တာဝန်ထမ်းဆောင်မည့် ရပ်ကွက်/ကျေးရွာ ကိုယ်စားပြု ၁၂၀ ဦး တက်ရောက်ခဲ့ပြီး မဲရုံလုံခြုံရေးကိစ္စရပ်များ၊ ဉပဒေလုပ်ထုံးလုပ်နည်းများ၊ ရွေးကောက်ပွဲဆိုင်ရာဉပဒေ၊ နည်းဉပဒေ၊ စသည့် ဘာသာရပ်များကို အောက်တိုဘာ လ ၁ ရက် မှ ၂၈ ရက်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လေ့ကျင့် သင်ကြားပို့ချ ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)