ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း(လက်ပံခါးလှ)တွင် ပညာရေးစုံညီပွဲတော် ကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၇

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း (လက်ပံခါးလှ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ Grade-6 မှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၁၄၀)  အခြေခံပညာမူလတန်းလွန်ကျောင်း(လက်ပံခါးလှ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီမြင့်က ကျောင်း၏ ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်များကို တာဝန်ရှိသူများက ဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)