ဥတ္တရသီရိ ဇန်နဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းဆွေက အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန့်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ၁ ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ထူးချွန်ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊(၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲတို့၌ ထူးချွန်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)