မုဒုံမြို့၌ စားဖိုဆောင်သီးနှံ ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မုဒုံ ဇန်နဝါရီ ၁၇

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

မိုးစပါးများ ရိတ်သိမ်းပြီးအချိန်တွင် တောင်သူအများစုက တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း၊ ဆောင်းသီးနှံများအနေဖြင့် ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ရုံးပတေသီး၊ ပဲတောင့်ရှည်၊ ဘူး၊ သခွား၊ ချဥ်ပေါင်၊ ကန်စွန်းရွက်၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ နံနံပင်၊ ပူစီနံ၊ ငရုတ်ကောင်း၊ ငရုတ်၊ ဟင်းနုနွယ် စသည့်သီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယခုတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အရင်ကစိုက်ပျိုးသူနည်းပါးကာ နောက်ပိုင်းတွင် တောင်သူများက ပိုမိုစိုက်ပျိုးလာကြကြောင်း၊ ပန်းဂေါ်ဖီစထွက်ချိန်တွင် တစ်ထုပ်ကို ဒေသပေါက်စျေး (၂၀၀၀)ကျပ်အထိ ရရှိ၍ ယခုအခါ အထွက်များသောကြောင့် ငွေကျပ် (၁၂၀၀) မှ (၁၅၀၀) ကျပ်အထိသာ ရောင်းချရကြောင်း ဝက်တဲကျေးရွာနေ ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူ ဦးကွန်လှိုင်က ပြောသည်။

ပန်းဂေါ်ဖီစိုက်ပျိုးရေးလုပ်ငန်းသည် စစိုက်ပြီးအချိန်မှစ၍ သုံးလခန့်အကြာတွင် ခူးဆွတ်ရောင်းချရပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်စိုက်ပျိုးသီးနှံ ဧက ၂၃၀၀ ဧကကျော်ကို စိုက်ပျိုးထားကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)