သပိတ်ကျင်း ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ကျောင်းသား၊ကျောင်းသူများဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများဖြစ်တဲ့အတွက် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရန် ကြိုးစားဖို့လိုကြောင်း၊ စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် အလေ့ကျင့်ကောင်းများ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မပြတ် ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အနာဂါတ်နိုင်ငံတော်ကို ပုံဖော်ထုစစ်ရမည့်သူများဖြစ်သည့်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ကြောင်း ပညာတတ်ဖြစ်မှသာ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကာ လောက၏ အထွတ် အထိပ်ကို ရောက်အောင် ဦးဆောင်နိုင်ကြမည့်သူများမှာ ယနေ့ပညာသင်ကြားလျက်ရှိကြသည့် လူငယ်များဖြစ်၍ ထူးချွန်ထက်မြက်သော လူငယ်များ ဖြစ်စေလိုကြောင်း၊ ပညာသည်လူငယ်များအတွက် အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)