တာချီလိတ်မြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

တာချီလိတ် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံ ပညာအထက်တန်းကျောင်း (တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) မှ ကျောင်းသား ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းအား ဘင်ခရာတီးဝိုင်းဖြင့် တီးခတ်ကာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တာလော့မှ ကျောင်းသားကျောင်းသူများက "ထာဝရသစ္စာ" သီချင်းအား Fitness Dance အကဖြင့် ကပြတင်ဆက်သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ဂုဏ်ထူးရကျောင်းသားကျောင်းသူများ၊ နေ့ကြီးရက်ကြီးအထိမ်းအမှတ်နှင့် ပညာတန် ဆောင်ရုပ်ပြ ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆုနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)