တပ်ကုန်းမြို့နယ် ကျောင်းရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးဋ္ဌေးလှိုင်က အမှာစကားပြောကြားပြီး၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာ ပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်စိုးလွင်