မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းစံ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာ အထက်တန်းကျာင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်‌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဗဟုသုတကြွယ်ဝစေဖို့အတွက် စာပေများဖတ်ရှုလေ့လာဖို့လိုကြောင်း၊ စာဖတ်ခြင်းအားဖြင့် မိမိတို့တတွေရဲ့ စိတ်နှလုံးကိုနူးညံ့စေရုံသာမက၊ ဦးနှောက်ကိုလည်း အသိတရားတွေ တိုးပွားစေနိုင်ကြောင်း၊ အမြင်ကျယ်လာနိုင်‌ကြောင်း၊ စကားလုံးတွေလည်း ကြွယ်ဝလာနိုင်‌ကြောင်း၊ လူငယ်များစာဖတ်ခြင်းဖြင့် စာ‌ပေ၏တန်ဖိုးနှင့်အကျိုးကျေးဇူးတွေကို မိမိကိုယ်တိုင် အမှန်တကယ်ဖတ်ရှုလေ့လာတဲ့အခါမှာ သိရှိလာနိုင်မှာဖြစ်ပါကြောင်း၊ အသက်ရှူခြင်းဟာ လူကိုရှင်သန်စေသလိုပဲ စာဖတ်ခြင်းဟာလည်း လူတစ်ယောက်ရဲ့ဘဝကို ရှင်သန်စေကြောင်း၊ စာဖတ်ခြင်းဖြင့် သတင်းအချက်အလက်အသစ်‌တွေကို သိရှိလာနိုင်ပြီး အတွေးအမြင်သစ်တွေကိုလည်း ရှာဖွေတွေ့ရှိလာနိုင်မှာဖြစ်ပါကြောင်း၊ စာဖတ်တယ်ဆိုတာဟာ မှန်ကန်သင့်မြတ်စွာ ကြည့်တတ်၊ သိတတ်၊ အသုံးချတတ်ဖို့အတွက် လေ့လာသင်ယူခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာပေများကို ကြိုးစားဖတ်ရှုကြရန်လိုကြောင်းစသည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှမှ ခင်းကျင်းပြသထားသော လူငယ်နှင့် ဂိမ်းအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)