တာမွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာမွေ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က “တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံ ရင်းနှီးပွင့်လင်းစွာ တင်ပြနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းခွင်အခက်အခဲများနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်းပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ တာမွေမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်‌ကောင်းမွန်လာမှာဖြစ်သလို လူနေမှုအဆင့်အတန်းများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)