ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက် ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက်ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of Delegation Ms. Nadia Khoury က နှုတ်ခွန်ဆက်စကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ (၁၆) ရက်နေ့မှ ဇန်နဝါရီလ (၁၈) ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၀) ဦး တက်ရောက်လျက်ရှိသည်။

ပြောင်းလဲလာသည့် ခေတ်စနစ်နဲ့အညီအသင်း၏ ပြန်ကြားဆက်သွယ်ရေးအခန်းကဏ္ဍနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေးမြှင့်တင်စေရန်၊ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများကို အပြုသဘောဆောင်သော ပြန်ကြားဆက်သွယ်ရေးအခန်းကဏ္ဍ တိုးမြှင့်စေရန်၊ ကြက်ခြေနီပုံရိပ် ကောင်းများရရှိစေရန်အတွက် အသင်းဌာနချုပ်နှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်များ အကြားအချင်းချင်းချိတ်ဆက်ကာ ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများကို ပီပြင်စွာဆောင်ရွက်နိုင်စေရန်၊ အပြုသဘောဆောင်သည့် သတင်းအချက်အလက်များကို ပြန်ကြားဆက်သွယ်ခြင်းဖြင့် အလှူရှင်များ၊ အသင်းဝင်များ တိုးပွားလာစေရန်နှင့် ပူးပေါင်းပါဝင်လာစေရန် ပြန်ကြားဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် တစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။

လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းကို မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ အတွက်ဖွင့်လှစ်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အောင်မြင့်(ပြန်/ဆက်)