သံဖြူဇရပ် ဇန်နဝါရီ ၁၇
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာဒေါက်တာမတင်ဝင်း ရေးသားသော"လူကြီးနှင့်ကလေးကြား စကားဘယ်လိုပြောကြမယ်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာဒေါက်တာမတင်ဝင်းရေးသားသည် "လူကြီးနှင့်ကလေးကြား စကားဘယ်လိုပြောကြမယ်" စာအုပ်ပါအကြောင်းအရာမှ ကလေးစကားသည်ခေတ်ကြေးမှုံ၊ ကလေးများဖြတ်သန်းရသောခေတ်ကာလများ၊ အတတ်ကျူးသောကလေးများစသည့် အကြောင်းအရာများကို ကျောင်းသားမောင်ဇင်ပိုင်ဖြိုးက ဖတ်ကြားဆွေးနွေးပြီး ကလေးများကိုစကားပြောခွင့်ပေးပါ၊ ကလေးများ၏ခံစားမှုကိုအလေးထားပါ၊ မိသားစုစကားဝိုင်းနှင့် မိသားစုထမင်းဝိုင်းသည် အသိပညာဖြန့်ဝေရာနေရာဖြစ်သည်စသည့် အကြောင်းအရာများကို ကျောင်းသားမောင်ဇေယျာသော်က ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် သားသမီးမေတ္တာကို အလွဲသုံးစားမလုပ်ပါနှင့်၊ ခြိမ်းခြောက်ခြင်း၊ အမိန့်ပေးခြင်း၊ ကလေးကိုလမ်းမှန်ရောက်အောင်သွန်သင်နည်းစသည့် အကြောင်းအရာများကို ကျောင်းသူမကြည်နူးခင်က ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင် ကျောင်းသားကျောင်းသူများမှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်စာပေဝါသနာရှင်များမှ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိဖြင့် လူအများအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)