ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတ ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို  ယမန်နေ့ မွန်းလွဲ (၁) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

လူငယ်ရေးရာ အသိပညာပေး ဟောပြောရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကျောက်ဆည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်ထက်မြက်စေရန်၊ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် ဗဟုသုတ ကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်သူများအား အသိပညာပေး ဟောပြောခဲ့သည့် အကြောင်းအရာများမှ မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွက် Outdoor fitness (၁)စုံအား ပေးအပ် လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုအေးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက  ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် လူငယ်စကားဝိုင်းဆောင်ရွက်မှု၊ ကလေးအလုပ်သမား ပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း အန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)