တာမွေ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယဉာဏဆုပေးပွဲ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြတ်ဆရာသီချင်းဖြင့်ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဧည့်သည်တော်တစ်ဦးမှ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု၊ ပညာရေးစွမ်းဆောင်ဆုနှင့် ရုံးလုပ်ငန်းစွမ်းဆောင်ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြုလုပ်ခဲ့သော ကျောင်းတွင်းကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိခဲ့ကြသူများ၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)