ပြင်ဦးလွင်မြို့ အ.ထ.က (ဝက်ဝံ)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စုရှိ အ.ထ.က(ဝက်ဝံ)ကျောင်း၊ ဓညဝတီခန်းမတွင်  ယမန်နေ့နံနက် ၉ နာရီခွဲက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ရှေးဦးစွာ ဝက်ဝံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေလှေကားစာပေ၊ ဂီတ၊ အထွေထွေဗဟုသုတပြန့်ပွါးရေးကွန်ရက်မှ ဦးအောင်သူက လူငယ်နှင့်ပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်များ အသိပညာဗဟုသုတ တိုးပွါးရရှိစေရေးဆိုင်ရာ အကြောင်းအရာများ ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်းက အ.ထ.က(ဝက်ဝံ) ကျောင်း စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်က လက်ခံရယူခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် မိဘဆရာအသင်းနာယက ဦးရန်မျိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတရသစာအုပ်များအား  အ.ထ.က (ဝက်ဝံ)ကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သား လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ရွှေလှေကား စာပေ၊ ဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွါးရေးကွန်ရက်မှ ဦးအောင်သူ၊ ဝက်ဝံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အထက(ဝက်ဝံ) ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၃၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ် ခရိုင် (ပြန်/ဆက်)