ဥတ္တရသီရိမြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာရှိ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်တွင် အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်တိုင်း သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်၊ ရပ်မိရပ်ဖများနှင့် ပရိသတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသော ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အောင်မင်္ဂလာကျောင်းတိုက် ဆရာတော် ဦးမဏ္ဍလက  ဒေဝနိမန္တဂါထာကိုဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်ခဲ့ပြီး မြို့နယ် ဩဝါဒါစရိယ၊ မသိမ်ကျောင်းသစ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘဏ မထေရ်မြတ်ထံမှ တက်ရောက်လာ‌သော ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ယင်းနောက် နေပြည်တော်တိုင်း သာသနာရေးမှူး ဦးဆန်းထွန်းအောင်က မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ မထေရ်မြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဥပ္ပါတသန္တိပဋ္ဌာန်းကျမ်းစာအုပ်များနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှည့်ကျ ပဋ္ဌာနဘာဏက ‌သံဃာတော်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)