မိုင်းဖြတ် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.ထ.က (မိုင်းဖြတ်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်လင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်ကအမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်နာယက ဦးထွန်းရွှေက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်နှင့် ဆရာ၊ ဆရာမများက စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့်တို့တွင် ထူးချွန်ဆုရရှိခဲကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)