စဉ့်ကိုင် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ် အနားကို ယမန်နေ့ နံနက် ၁၀:၃၀အချိန်က အ.ထ.က (စဉ့်ကိုင်) ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ဦးနှောက်နှင့် ဗဟို အာရုံကြောကို ထိုင်းမှိုင်းစေခြင်း၊ မူးဝေခြင်း စိတ်တက်ကြွခြင်း ဝေဒနာများကို ပြင်းထန်စွာ ခံစားရစေနိုင်ပါကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားတာဝန်တစ်ရပ်အဖြစ် ခံယူကာ လူတိုင်းကိုယ်စီ အသိစိတ်ဓာတ် ရှိရှိဖြင့် ပါဝင်ဆောင်ရွက်သွားကြရန်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် တာဝန်ရှိသူများ၊ အ.ထ.က (စဉ့်ကိုင်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာ/ဆရာမများ၊ မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)