ဝိုင်းမော်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲ ကျင်းပ

ဝိုင်းမော်    အောက်တိုဘာ  ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံလုံခြုံ ရေးအတွက် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကြည်မှ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်တွင် မိမိတို့တပ်ဖွဲ့ အင်အားနှင့် မလုံလောက်၍ အထူးရဲတပ်ဖွဲ့ဝင်များအား တာဝန်ပေးနိုင်ရေးရွေးချယ် လေ့ကျင့်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင်စစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်၊ ရဲကျင့်ဝတ်ဘာသာရပ်၊ ရဲလုပ်ငန်း စည်းမျဉ်း စည်းကမ်းဘာသာရပ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို လေ့ကျင့်သင်ကြားပြီး ဖြစ်ပါကြောင်းနှင့် သင်ကြားပေးသည့် ဘာသာရပ်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်၊ မြို့နယ်ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းတို့က သင်တန်းတွင်စံပြဆု၊ စာပေထူးချွန်ဆု၊ စစ်ရေးပြဆု၊ စိတ်ဓါတ် စည်းကမ်းဆုရရှိသည့် အထူးရဲတပ်ဖွဲ့ဝင်(၄)ဦးအား ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)