မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ ကုန်ထုတ်လမ်း (၁) မိုင်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းယန်း ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ  (၄၃.၀) သန်းဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ၌ ကုန်ထုတ်လမ်း (၁) မိုင်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား ရွှေပန်းကွဲကုမ္ပဏီမှ တင်ဒါအောင်မြင်ငွေ (၄၂.၁၄) သန်းဖြင့် (၃၀.၆.၂၀၂၃) ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း (၉၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်သန့်ဇင်နှင့် တာဝန်ရှိအဖွဲ့ဝင်များမှ ကျေးရွာကုန်ထုတ်လမ်း (၁) မိုင်လုပ်ငန်းအား သတ်မှတ်ကာလအတွင်း ၁၀၀% ဆောင်ရွက်ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာကုန်ထုတ်လမ်း (၁) မိုင်လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၇၀) အိမ်၊ လူဦးရေ (၄၅၀) ဦးခန့်ကို အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး