တောင်ဥက္ကလာပ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ပြီး အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒေစီက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများ၊ အလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းသရုပ်ဖော် အကများ၊ အေရိုးဗစ်သရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုကစားခြင်းများ စသည်ဖြင့် ကပြဖျော်ဖြေဧည့်ခံကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)