အလုံမြို့နယ်တွင် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းမီးများ အသစ်တည်ဆောက်ခြင်း

အလုံ ဇန်နဝါရီ ၁၆

အများပြည်သူလျှပ်စစ်အန္တရယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်တင့်တယ်လှပစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းမီးလုံးများအသစ်တည်ဆောက် ဆွဲသားခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်‌ အောက်ကြည့်မြင်တိုင်လမ်းနှင့် သခင်မြပန်းခြံလမ်း ငုဝါလမ်းတွင် လမ်းမီးလုံး စုစုပေါင်း ၆၅ လုံးနှင့် 6.6kV ရုံးချုပ်ကွင်းကျောင်း ဖီဒါဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဥ်နှင့်အားကစားကွင်းများ ဌာနမှဝန်ထမ်းများ  YESCရုံးချုပ် လမ်းမီးဌာနမှ ဝန်ထမ်းစုစုပေါင်း ၃၅ ဦး၊  Pluck form Truck တစ်စီး အမှိုက်သိမ်းယာဥ် ၄ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် အလုံမြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တင်တင်ချို (ပြန်/ဆက်)