မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၆

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေနံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့ဟာ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်အတွက် ကျက်သရေမင်္ဂလာအပေါင်း ခညောင်းတဲ့နေ့တစ်နေ့ဖြစ်ပြီး မောင်မယ်တို့တတွေက ရည်မှန်းချက်ကိုယ်စီနဲ့ ကြိုးပမ်းအားထုတ်ခဲ့ကြလို့ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြပြီး ယခုလို မော်လမြိုင်တက္ကသိုလ် ဘာသာရပ်အသီးသီးရဲ့ ပထမနှစ် သစ်လွင်မောင်မယ်များအဖြစ် ပေါ်ထွန်းခဲ့ကြတာဖြစ်ေကြာင်း နိုင်ငံ့တစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးမှာလည်း ပညာရေးသည် မရှိမဖြစ်လိုအပ်တာကို အားလုံးအသိပဲဖြစ်ကြောင်း၊ တက္ကသိုလ်တည်ရှိရာ ဒေသဟာ လူမှုဘဝသာယာဝပြောတဲ့နေရာလည်းဖြစ်လို့ အမှန်တကယ်လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အသွေးကို မွေးထုတ်ပေးရာ နေရာလည်းဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်များဟာ အဓိကကျသလို တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အဓိကကျပြီး ယနေ့ခေတ် လူငယ်လူရွယ်များကို မိမိတို့တိုင်းပြည်၏ အနာဂတ်ကောင်းမွန်စေရေး ထုဆစ်ပုံဖော်ပေးကြရမှာ ဖြစ်သည့်အတွက် မောင်မယ်တို့အနေဖြင့် တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန်သော ယဉ်ကျေးလိမ္မာသည့် နိုင်ငံတော်၏ အနာဂတ်သားကောင်း ရတနာများဖြစ်ပေါ်စေရေးကိုလည်း အထူးတိုက်တွန်းလိုပါကြောင်း၊ ပညာရေးကဏ္ဍကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မောင်မယ်တို့အနေဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြပြီး “ပညာတန်ဆောင် ပြည်ကျိုးဆောင်အံ့” ဟူသော မော်လမြိုင်တက္ကသိုလ်၏ဆောင်ပုဒ်အတိုင်း အားလုံးတက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ မြင့်မြင့်မားမားပညာတွေ တတ်မြောက်မှသာ ဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်ကြပြီး တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်နိုင်ကြမှာဖြစ်၍ ပညာကိုဆုံးခန်းတိုင်အောင် သင်ယူဆည်းပူးကြဖို့ အလေးအနက် တိုက်တွန်းကာ မောင်မယ်တို့ ကာယသုခ၊ စိတ္တသုခနှစ်ဖြာနှင့်ပြည့်စုံသော နိုင်ငံ့ဂုဏ်ဆောင် သားကောင်း ရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းစကား ပြောကြားသည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ငွေကျပ် (၁၀) သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကဆက်လက်ပေးအပ်ခဲ့ရာ မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်ကလက်ခံရယူပြီး မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)