မော်လမြိုင် ဇန်နဝါရီ ၁၆
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် တတိယအကြိမ် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အဆင့်မြင့်တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အဆင့်မြင့်ဂဟေဆက်သင်တန်း၊ အဆင့်မြင့်အုတ်စီနှင့် ပန်းရံသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ စမ်းကြီးရပ် လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃) ၏ ရည်မှန်းချက် (၃) ရပ်အနက် တစ်ရပ်မှာ “အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန်နှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်” ဟူ၍ ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် “အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘက်ဂျက်ငွေတင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း” တို့ကို တာဝန်ခံ၍ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်ကြစေရန်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရရှိအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းသားများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား(၄၀)ဦးဖြင့် ဇန်နဝါရီ(၁၆)ရက်မှ (၃၀)ရက်အထိ နှစ်ပတ်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)