မဘိမ်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ မဲရုံများ၌အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ဝန်ထမ်းများက မဲပုံး၊ မဲလက်မှတ်၊ အမှန်ခြစ်တံဆိပ်တုံး၊ လုံခြုံရေးကြိုး၊ ဆာလာအိတ်၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ အမှိုက်တောင်း၊ ချိတ်တောင့်၊ မီးခြစ်၊ ဖယောင်းတိုင်၊ လက်သုတ်ပဝါနှင့် အခြားမဲရုံသုံးပစ္စည်းများကို ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များထံသို့ ထုတ်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဘိမ်းမြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုတို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၂၉၁၇) ဦးရှိပြီး ကြိုတင်ဆန္ဒမဲပးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)