သထုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကျင်းပ

သထုံ ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာကြည်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသားတစ်ဦးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး Grade-10 နှင့် Grade -9 ကျောင်းသား‌၊ ကျောင်းသူလေးဦးတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့် ပရဟိတ၊ လူငယ်နှင့် လူမှုဆက်ဆံရေး၊ လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ အ.ထ.က(၂)သထုံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)