မုဒုံမြို့ရှိ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးပြီး အာလူး၊ ကြက်ဥနှင့် ဆားများ လှူဒါန်း

မုဒုံ ဇန်နဝါရီ ၁၆

မွန်ပြည်နယ် ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် စားအုန်းဆီများကို ယနေ့မွန်းလွဲ ၁ နာရီက သက်သာသောစျေးနှုန်းဖြင့် မုဒုံမြို့နယ်ရှိ ဦးကြိုင်းပွဲရုံ၌ ရောင်းချပေးပြီး ကြက်ဥ၊ အာလူးနှင့် ဆားများ လှူဒါန်းသည်။

ထိုသို့ရောင်းချနေမှုများကို မုဒုံမြို့နယ် ဒုရဲမှူးအောင်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကြီးကြပ်ကြည့်ရှုဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်ရှိ မြို့မ(၁/၂/၃/၄) ပြည်သူများအား စားအုန်းဆီတစ်ပိဿာကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၄၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၁၀၀ စုအား စားအုန်းဆီ ၁၁၀၀ ပိဿာကို စနစ်တကျ တန်းစီစနစ်ဖြင့် ရောင်းချပေးသည်။

ထို့နောက် အလှူရှင်များက အိမ်ထောင်စုတစ်စုလျှင် ကြက်ဥ (၁၀)လုံး၊ အာလူး ၅၀ ကျပ်သား၊ ဆားတစ်ထုပ်နှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း ၁၁၀၀ စုတို့ကို လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူတို့၏ စားဝတ်နေရေးအထောက်အကူပြုစေရန်နှင့် နေ့စဥ်လူမှုဘဝ အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)