တံတားဦး ဇန်နဝါရီ ၁၆
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်က တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း မြတ်ပညာခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမေစံပါယ်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနိုင်က လူကုန်းမှု၏ အဓိပ္ပာယ်နှင့် လူကုန်ကူမှုးအကြောင်းများကို၎င်း တံတားဦးမြို့မရဲစခန်း စခန်းမှူးဒုရဲမှူး ဟန်ထွန်းက ကျောင်းသား/သူများအား လူကုန်ကူးမှုပပျောက်ရေးနှင့် သက်ဆိုင်သောအကြောင်းအရာများ၊ လူကုန်ကူးမှု၏ဆောင်ရန်၊ ဆောင်ရန်များနှင့် သိထားသင့်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ဟောပြောပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူမှောင်ခို၊ လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်း စသည်တို့ပါဝင်ပါကြောင်း၊ ဒါ့အပြင် လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်း စသည်တို့လည်းပါဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊ လူကုန်ကူးမှု ပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် ပတ်သက်၍ ကျောင်းသား/သူများမှ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ တံတားဦးမြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)