ဒဂုံမြောက် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း တော်ဝင်သဇင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(၃)ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက်ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရမှ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စုံညီပွဲတော်များကျင်းပပေးလျက်ရှိရာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်တဲ့နေရာမှာ နိုင်ငံတော်ကိုကာကွယ်တည်ဆောက်နိုင်မယ့် စွမ်းအားစုပေါ်ထွက်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားပြီး ရိုးရာယဥ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများ ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန် ပညာရေးကဏ္ဍအလိုက် လုပ်ဆောင်ချက်များကို ထုတ်ဖော်လုပ်ဆောင်ခြင်းများဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်စေရန်၊ အမျိုးသားပညာရေးလုပ်ငန်းဆောင်ရွက်မှုများတွင် မိဘပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်ရန်စတဲ့ ရည်ရွယ်ချက်များနှင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နန်းစန္ဒာအောင်က ပညာရေးစုံညီပွဲတော်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ် သင်ပြမှုထူးချွန်သော ဆရာ/ဆရာမများ၊ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းဆုရရှိသူများ၊ ပဋ္ဌာန်း၊ ဓမ္မစကြာ၊ ကာယဉာဏထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့်အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာမများ၊ ကျောင်းသူများ၊ ကျောင်းသူမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ