တာချီလိတ် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဝိရောစန၊ မဟာဂန္တ ဝာစက ပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ VIPASSANA BHAVANA MCU. THAILAND ၏ သက်တော် (၇၂) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ငွေတောင်ဦးကမ္မဌာန်း ကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဆရာတော်ဘုရားကြီး ၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား စတင်ဖွင့်လှစ်ကာ သံဃာတော်များနှင့် အလှူရှင်ဧည့်ပရိတ် သတ်များက ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းမှ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် ကံဇာတာမြင့် ပရိတ်တရားတော်များနာယူခြင်း၊ ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျည်းအား ဖတ်ကြားကြည်ညိုပြီး ဧည့်ပရိတ်များက ဆရာတော်ဘုရားကြီးအား မေတ္တာပို့သ ပူဇော်ခြင်း၊ ဆရာတော်ဘုရားကြီးက ဝိဇာတမွေးနေ့ အမှတ်တရ ဆုံးမဩဝါဒတရား ဟောကြားချီးမြှင့်တော်မူခဲ့ရာ သီလရှင်ဆရာလေး ဒေါ်မေဃဝတီမှ ထိုင်းဘာသာစကားဖြင့် ပြန်ဆို ပေးခြင်း၊ ဆရာတော်၏မွေးနေ့အဖြစ် ပင့်သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)