မုဒုံ ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကွမ်းရွက်စျေးများ ကောင်းမွန်လာသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဘဲရမ်းကျေးရွာနေ တောင်သူတစ်ဦးထံမှ သိရသည်။
ကွမ်းပင်များကို စိုက်ပျိုးမည်ဆိုပါက ကွမ်းပင်သဘာဝ၊ ကွမ်းမျိုးစိတ်များ၊ မြေအမျိုးအစားနှင့် ရာသီဥတုစသည့်အချက်များကို သိရှိထားရန် လိုအပ်ကြောင်း၊ သွင်းအားစုများနှင့် ကွမ်းပင်များကို နေ့စဥ်အချိန်ပြည့်ဂရုစိုက်ကြည့်ရှုရကာ ကွမ်းပင်များပိုးကျမှုအန္တရာယ်ကို များစွာသတိပြုရမည်ဖြစ်ကြောင်း၊ ကွမ်းပင်များပိုးကျပါက ကွမ်းရွက်အထွက်နှုန်း ကျဆင်းခြင်းနှင့် ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်ကြောင်း၊ မိုးတွင်းကာလတွင် ကွမ်းရွက်ပေါက်စျေး တစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)မှ (၇၀၀၀)ကျပ်အထိသာရရှိခဲ့ပြီး ယခုအခါ စျေးနှုန်းကောင်းမွန်လာကာ တစ်ပိဿာလျှင် ငွေကျပ်(၁၀၀၀၀)ကျပ်အထိ ရရှိကြောင်း ကွမ်းစိုက်တောင်သူ ဦးဗလိုင်ထံမှ သိရသည်။
မုဒုံမြို့နယ်တွင် ကွမ်းစိုက်ဧက ၄၅၀ ရှိ၍ ကွမ်းပင်များကို ဘဲရမ်း၊ ကွမ်တာ၊ ကော့ခပုံ၊ မှိန်ဂနိမ်၊ ကျောက်တလုံး၊ ကျုံဖိုက်၊ ကွမ်လှာ၊ ဖဲဒိုကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သားငယ် (ပြန်/ဆက်)