မိုင်းစံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှု ပေးနေသည့်ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့လက်ရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက် စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့်၊ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အကောင်းအဆိုး၊ အမှားနှင့်အမှန်ကို ခွဲခြားတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးမှ စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသည့် ကလေးများအတွက် ရာဇဝင်လာသင်ခန်းစာ စာအုပ်မှ “ပညာနဲ့တွေး အရေးအောင်မြင်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးစိုင်းလှိုင်းမှ “ပညာလိုအိုသည်မရှိ” ခေါင်းစဉ်ဖြင့်လည်းကောင်း ယနေ့ နံနက် (၁၁) နာရီအချိန်ခန့်က မိုင်းစံမြို့ဝမ်လီကျောင်း၌ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)