ပင်းတယ၌ ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော် ကျင်းပ

ပင်းတယ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာရေးစုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်အေးအေးမော်က ကျောင်းသား/ကျောင်းသူများအား ဆုံးမစကားပြောကြားခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မေသူဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်းလူရည်ချွန်ဆုရ ကျောင်းသားတစ်ဦး၊ နိုင်ငံတော်ဗဟိုအဆင့်အင်္ဂလိပ်စာစွမ်းရည်တတိယဆုရ ကျောင်းသားတစ်ဦးနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူး (၅) ဘာသာဖြင့် အောင်မြင်ခဲ့သည့် ထူးချွန်ကျောင်းသားတစ်ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးလွင်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းများ၊ အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)