ရန်ကုန် ဇန်နဝါရီ ၁၆
အဆင့်မြင့်သံတမန်ရေးရာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် အခြေခံသံတမန်ရေးရာကျမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၅/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပသည်။
အဆိုပါသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်တက်ရောက်အမှာစကားပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှပါမောက္ခဆရာကြီး/ဆရာမကြီးများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
အဆင့်မြင့်သံတမန်ရေးရာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ ရက်သတ္တ(၆)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အဆင့်မြင့်သံတမန်ရေးရာသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများသာမက ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တာဝန်ထမ်းဆောင်မည့် အရာထမ်းစုစုပေါင်း ၃၆ ဦး တက်ရောက်ကြမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းသည် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများတွင် သံရုံးအကြီးအကဲဖြစ်သူ သံအမတ်ကြီးများအား အဓိကအထောက်အကူပြုပံ့ပိုးကူညီပေးနိုင်ရန်အတွက်လည်းကောင်း၊ သံအမတ်ကြီး(ကိုယ်စား) သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအနေဖြင့်လည်း သံရုံးလုပ်ငန်းသဘောသဘာဝအား ကြိုတင်သိရှိနားလည်ပြီးနိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ဆောင်ရွက်ခြင်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၅/၂၀၂၄)ကို ရက်သတ္တ(၁၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တွင် တစ်ပြိုင်နက်တည်းဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄၅/၂၀၂၄)တွင် နိုင်ငံ့ဝန်ထမ်းများသာမက သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာများအား စိတ်ပါဝင်စားသော ပြင်ပပုဂ္ဂလိက နယ်ပယ်အသီးသီးမှ လေ့လာလိုသူ သင်တန်းသား/ သင်တန်းသူ ၂၀၀ ခန့် တက်ရောက်ကြမည်ဖြစ်သည်။ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီစဉ်ညှိနှိုင်းခြင်းနှင့်နိုင်ငံတကာအစည်းအဝေးကျင်းပခြင်းစသည့် ဘာသာရပ်များ သင်ကြားပို့ချသွားမည် ဖြစ်သည်။
အောင်မြင့်(ပြန်/ဆက်)