သထုံ အောက်တိုဘာ ၂၈
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေး နိုင်သည့် မဲဆန္ဒရှင်ပြည်သူအရေအတွက် (၈၇၉၉၄)ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။
အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့်အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်ပေးနိုင်ပြီး ကျန်းမာရေး အခြေအနေ အရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင် နေအိမ်မှာ ကြိုတင်မဲပေးနိုင်ရန် အစီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြစ်ကြောင်း သိရသည်။
သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်မှာ Stay at Home မြို့နယ်ဖြစ်သောကြောင့် အဆိုပါမြို့နယ်ရှိ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များကို အိမ်တိုင်ရာရောက် မဲပေး နိုင်အောင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေး နေ ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။
သထုံခရိုင်အတွင်း မြို့နယ် (၄)ခုအနက် ကျိုက်ထိုမြို့နယ်တွင် (၁၅၉၂၀)ဦး၊ ဘီးလင်း မြို့နယ်တွင် (၁၈၆၄၂)ဦး၊ပေါင်မြို့နယ်တွင် (၂၇၀၄၉)ဦးနှင့် သထုံမြို့နယ်တွင် (၂၆၃၈၃)ဦး စုစုပေါင်း ကြိုတင်ဆန္ဒမဲပေးနိုင်သည့် အသက်(၆၀)နှစ်နှင့် အထက်မဲ ဆန္ဒရှင် ပေါင်း (၈၇၉၉၄)ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သက်ဦး(သထုံ)