အလုံ ဇန်နဝါရီလ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ကမ္ဘာ့အဆင့်မီပညာရည်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့ပြီး အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလုံမြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ကြားမှုထူးချွန်ဆုရ ဆရာ၊ ဆရာမများ၊ ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)