မိုင်းပျဉ်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်လွင်တို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ဆက်လက်၍ အမကကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေကြည်က ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအပြီးတွင် အမကကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုမြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)