ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁ 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေရိုင်၊ ချမ်းအေးသာစံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က လမ်း ၈၀၊ ၃၂ × ၃၃ လမ်းကြားရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ပန်းပျိုးတစ်ရာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို အ.ထ.က (၁၄) ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆုရရှိခဲ့သော  Clean and Green ကျောင်း ဆုရရှိခဲ့သော အ.ထ.က (၁၆)ကျောင်း၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်‌ရေးစာမေးပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊  အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ  ဆုရကျောင်းသား/ကျောင်းသူများ၊ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ ပညာတန်ဆောင်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ မြန်မာအမျိုးသမီးများနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ ICT ပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများမှ ဆုရကျောင်းသားကျောင်းသူများ၊ The 24th International High Art ပန်ချီပြိုင်ပွဲ ဆုရကျောင်းသူ၊ (၅၂) နှစ်မြောက် နိုင်ငံတကာ ပေးစာရေးပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မဟာအောင်မြေခရိုင် ပညာရေးမှူးဒေါက်တာသက်လှစုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်