မန္တလေး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့်လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းသည် ထောက်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံခြားဝင်ငွေရရှိမှုကို အထောက်အပံ့ပေးနေသော အရင်းအမြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်း(Ecotourism)၊ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)များကိုဖော်ထုတ်ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်ရန် လိုအပ်သလို ဘာသာစကားကျွမ်းကျင်တတ်မြောက်ထားရန် အရေးကြီးပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ခရီးသွားများအတွက် အထူးစိတ်ဝင်စားဖွယ်ခရီးသွားထုတ်ကုန်များစွာရှိပါကြောင်း၊ လေကြောင်းတိုးချဲ့ ပျံသန်းပြေးဆွဲမှုများရှိလာပြီး ခရီးသွားများတိုးတက်မှုရှိလာသည်နှင့်အညီ ပိုမိုစိတ်လက်ချမ်းသာစွာ သွားလာနေထိုင်လည်ပတ်နိုင်ရေး အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် နိုင်ငံတော်ကထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျလိုက်နာစွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံးဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ခရီးသွားဖွံ့ဖြိုးရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ အမည်ပြောင်း/အခန်းတိုးခြင်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင်အသစ်၊ သက်တမ်းတိုး၊ ပယ်ဖျက်၊ တင်ပြ လျှောက်ထားလာမှုများ၊ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃)၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသူများက ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့်အခြေအနေများ၊ သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြရာ သက်ဆိုင်ဌာနများမှတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်